ကြံပင်ပေါက် အကောင်းဆုံးရရန်စိုက်ပျိုးနည်း (အပိုင်း-၁) (ဤစာသားကိုနှိပ်ပါ)
ကြံခင်းတစ်ခင်းထူထောင်ရာတွင် “အစကောင်းမှ အနှောင်းသေချာ” ဆိုသကဲ့သို့ ကြံပင်စတင်စိုက်ပျိုး ကတည်းက အထူးဦးစားပေးဆောင်ရွက်မှသာ စံချိန်မှီအထွက်ကောင်းကြံခင်းကို ခုတ်သိမ်းရရှိနိုင်မည် ဖြစ်ပါသည်။
အပင်ပေါက်မညီမညာနှင့် ညံ့ဖျင်းသောကြံပင်ပေါက်များသာထွက်ပေါ်လာလျှင် နောက်ပိုင်းကာလ အပင်ပြုစုမှုဖြင့်မည်မျှပင်အမှီလိုက်စေကာမူ ကြံအထွက်မကောင်းနိုင်တော့ချေ။
ထို့ကြောင့် ကြံခင်းတစ်ခုကိုထူထောင်ရာတွင် အဆင့်မှီချက်ကြံရင့်ကြံချောင်းအများဆုံး ခုတ်သိမ်းရရှိနိုင် ရေးအတွက်ကြိုတင်ပြင်ဆင်စိုက်ပျိုးချိန်ကတည်းက မည်သို့လိုက်နာဆောင်ရွက်ရမည်ကို ကျိုးကြောင်းပြ သရုပ်ဖော်ပုံများဖြင့် ရှင်းလင်းပြသသွားပေမည်။
ကြံမျက်လုံးဖူး
စီးပွားဖြစ်ကြံစိုက်ပျိုးထုတ်လုပ်ရာတွင်ကြံမျိုးအဖြစ် မျက်လုံးဖူးများပါသော ကြံမျိုးပိုင်းဖြတ်ကိုသုံးရ သည်။
ကြံမျက်လုံးဖူးဟူသည် အညွန့်လောင်း၊ အမြစ်လောင်းတို့ပါဝင်သောပင်စည်ငယ်အသေးစားဟုဆိုနိုင်၍ ကြံဆစ်အပိုင်းဖြတ်တွင် အောက်ပါအတိုင်းတည်ရှိသည်။
ကြံမျိုးပိုင်းဖြတ် ကြံပင်စည်အဆစ်တိုင်းတွင် မျက်လုံးဖူးသည် အလှည့်ကျပေါက်ထွက်တည်ရှိသည်။ မျက်လုံးဖူး ဘေးပတ်လည်၌ အမြစ်ရစ်ရှိ၍ အမြစ်လောင်း အမှတ်ရာများရှိသည်။ အမြစ်ရစ်အထက်၌ ကြီးရစ်ရှိ၍ အောက်တွင်ဖယောင်းလွှာရှိသည်။
အမြစ်လောင်းများ
ကြံမျိုးပိုင်းဖြတ်၏ အမြစ်ရစ်၌ရှိသော အမြစ်လောင်းများသည် အတန်းလိုက်အစီအစဉ်တကျဖြစ်စေ၊ အစီအစဉ်မကျပဲဖြစ်စေ တည်ရှိတတ်သည်။ မျက်လုံးဖူးအနီးတွင်အမြစ်ရစ်သည် ပိုမိုကျယ်ပြန့်၍ အခြား အစွန်း၌ ကျဥ်းသွားသည်။ ကြံပင်စည်အရင်းပိုင်းအမြစ်ရစ်တွင် အမြစ်လောင်းတစ်တန်းတည်းသာ ကျန်ရှိ တတ်သည်။ အမြစ်ရစ်တစ်ခုတည်းတွင် အောက်ပိုင်းမှအမြစ်လောင်းသည် အပေါ်ပိုင်းကျကျတည်ရှိသော အမြစ်လောင်းထက် အမြစ်ပေါက်ထွက်မှုပိုမိုမြန်ဆန်လေ့ရှိသည်။
ကြီးရစ်
အမြစ်ရစ်၏အထက်၌ ကပ်လျှက်တည်ရှိ၍ ဆဲလ်ပွားမျးရှည်ထွက်မှုမြန်သောအစိတ်အပိုင်းဖြစ်သည်။ ကြံမျိုးပိုင်းဖြတ်ကို အလျားလိုက်မြေ၌ချထားပါက ကြီးထွားမှုကို လှုံ့ဆော်သောဟော်မုံးဓာတ်သည် မြေနှင့်ကပ်သောပင်စည်အောက်ပိုင်းကို စုဝေးလာတတ်ပြီး ကြီးရစ်အောက်ပိုင်းမှ တိုးရှည်ထွက်နှုန်းမြန်လာကာ ပင်စည်ဆစ်ကြားပိုင်းသည် အပေါ်ထောင်ထွက်လာစေသည်။ အမြစ်ရစ်မှ အမြစ်များလည်း လျှင်မြန်စွာထွက်လာသည်။ ကြံပင်စည်ကို ဒေါင်လိုက်စိုက်ပါက လှဲစိုက်သကဲ့သို့ကွေးကောက်ခြင်းမဖြစ်ပေ။ ဤအဖြစ်မျိုးကိုကြံနှင့်အမျိုးအနွယ်တူသောမာကာမြက်၊ ကိုင်းမြက်တို့၌ ပိုမိုထင်ရှားစွာတွေ့ရသည်။
မျိုးပိုင်းဖြတ်ကို အလျားလိုက်နှင့်ဒေါင်လိုက်စိုက်ထားပုံ |
ကြံပင်စည်
ကြံမျိုးပိုင်းအဖြစ်အသုံးပြုနိုင်သောကြံပင်စည်တစ်ခုလုံးကို လေ့လာကြည့်ပါက အရင်းပိုင်း၌ အဆစ်စိပ်၍ လုံးပတ်တုတ်ကာအပေါ်ပိုင်းရောက်လေလေ ဆစ်ကြားပိုင်းရှည်လာလေဖြစ်သည်။ အဖျားပိုင်းရောက်သော် အဆစ်စိတ်သွားသည်။ အရင်းပိုင်းအဆစ်များစိပ်ခြင်းဖြင့် မျက်လုံးဖူးများအထက် အောက်ပူးကပ်နေကာ ပင်ပွားများစုစုစည်းစည်းပေါက်ထွက်စေနိုင်သည်။
အရင်းပိုင်းသည်ကြံသကြားဓာတ် (ဆူးကရိုးစ်) ကြွယ်ဝ၍အပေါ်ပိုင်းတလျောက် သကြားဓာတ် လျော့နည်းလိုက်လာသည်။ အဖျားပိုင်းသည် ကြံသကြားဓာတ် (ဆူးကရိုးစ်) နည်း၍ ဆေးသကြားဓာတ် (ဂလူးကို့စ်)၊ နိုက်ထရိုဂျင်နှင့်အစိုဓာတ်အများအပြားပါဝင်သည်။ စက်ရုံအတွက်အဖျားပိုင်းသည် သကြားထုတ်ရန်အသုံးမဝင်သော်လည်း အပင်စိုက်ရာ၌ အထူးအသုံးဝင်သည်။